မြန်မာပန်းချီမှတ်စု (၃၃)
Art minute in Pansodan
Aung Soe Min
Artist- Aung Htoo
Medium- Acrylic On Canvas
Size- 48″×60″
Title- Transparency
Year Created- 2013
သူ့ပန်းချီကားတွေကြည့်တဲ့အခါ အမြဲ အံ့သြခြင်းနဲ့ ငေးမောနေရပါတယ်။ တိကျသေချာအောင်ရေးတဲ့နေရာမှာ သူရေးသလို ရေးဖို့မလွယ်ပါဘူး။ အထူးသဖြင့် သူ့ပန်ချီကားတွေဟာဆိုက်အကြီးကြီးတွေများပါတယ်။ ဖန်ခွက်တစ်ခုကို (၅) ပေဆိုဒ်လောက်ရေးပြတဲ့အခါမှာ အလိုလိုနေရင်း အချိုးပြောင်းလဲသွားပြီး ကြည့်ရှူ့သူကို ဖမ်းစားပါတော့တယ်။ တကယ်တော့သူဟာ ဒီပန်းချီကားတွေရေးဖို့ ဖန်ခွက်ကို ဆေးရည်တွေလောင်းချပြီး ဆေးရည်တွေရဲ့ စီးတွဲကျမှု ကြားခံအရည်ရောစပ်မှုမလုပ်ပဲ ပေါင်းစပ်သွားမှု တွေကို အမျိုးမျိုးလေ့လာပြီး ရေးတာပါ။ ဒါကြောင့် အင်စတော်လေးရှင်းလုပ်တာကအရင် ပန်းချီဆွဲတာကနောက် အဆင့်ဆင့် ရေးဆွဲတာ ဖြစ်ပါတယ်။ ဖန်သားတစ်ခုရဲ့ ကြည်လင်မှု အနားသတ်မျဥ်း၊ ရောင်ပြန် ၊အရိပ် စတာတွေကို လိုသလိုအတိုးအလျော့နဲ့ တိကျသေချာစွာရေးနိုင်ပါတယ်။ ပန်းချီဆရာတွေဆွဲတဲ့ဆေးကို အကြောင်းအရာတစ်ခုအဖြစ် ဖန်တီးပြီ ရေးဆွဲပြတာ သူပထမဆုံး ဖြစ်လေမလားမသိဘူး။ သူရဲ့အရိပ်တွေက သဘာဝကျလွန်းလို့ မြင်တောင်မမြင်ရပဲ စိတ်ထဲမှာ အရိပ်ထင်နေပါတယ်။ ဒီပန်းချီကားက သူဆွဲနေကျ အရောင်တွေရဲ့ ပြောင်းပြန်ပါ။ ရောင်ပြန်တွေရဲ့ အနားသတ်မျဥ်းကို သီးခြားလေ့လာတဲ့အခါ တွေ့ရှိမှုဖြစ်ပါတယ်။ သူရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲကို (Colors and transparency) လို့ အမည်ပေးပြီး ပန်းဆိုးတန်းပန်ချီ ခန်းမမှာပဲ ပြသခဲ့ပါတယ်။ ပရိတ်သတ်ကို အံ့သြငေးမောစေခဲ့သလို အောင်မြင်တဲ့ ပြပွဲလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ဂယ်လာရီ မှာပြတော့ ကြည်လင်တဲ့ ကျောက်မျက်တွေနဲ့လအရောင်တွေ ရောစပ်ရေဆွဲခဲ့ပြန်ပါတယ်။ ခေတ်ပြိုင်ပန်းချီမှာ (Hyperrealism) ဖြစ်တဲ့အပြင် အင်စတော်လေးရှင်းတစ်ခုဖြစ်လို့ ပိုပြီးထူခြားတယ်လို့ဆိုနိုင်ပါတယ်။ သူဘာတွေဆက်ပြီး စိတ်ဝင်စားမယဆိုတာ စောင့်ပြီးကြည့်ရမဲ့ ပန်းချီဆရာတစ်ဦး ဖြစ်ပါတယ်။