Owls

Eikaza Cho: Owls

Acrylic On Canvas, size-18″×18″

Year Created-2019

ဧကစာချိုဟာ မန္တလေး လူထုတိုက်မှာ ဆရာပေါ်ဦးသက် ဆရာဝင်းဖေ တို့နဲ့ သတင်းစာ သရုပ်ဖော် ပန်းချီလောကကို အတူတူဖြတ်သန်းဖူးပါတယ်။ အတွေးအခေါ် အယူအဆလက်ရာများမှာ အင်မတန် ရှေ့ရောက်ပြီး သီးခြားဟန် ကွဲထွက်နေပါတယ်။ ဖွဲ့စည်းပုံနှင့် မညီမညာ မျဥ်းကြောင်းတွေရဲ့ expression ဆန်ဆန် ကိုယ်မသိတဲ့ အခြားကမ္ဘာတစ်ခုကို အမြဲတမ်းခေါ်ဆောင်သွားပါတယ်။ သူကို မြန်မာပြည်ရဲ့ ပေါကလီး လို့ ခေါ်ကြတယ်။ ကန်ဒင်စကီး နဲ့ ပေါကလီးတို့ရဲ့ လွှမ်းမိုးမှုကို တွေ့ရပေမဲ့ ကိုချိုရဲ့စိတ်ကူးတွေက ကျယ်ပြန့်လွန်းလို့ တစ်ခါတစ်ခါ ခြေရာခံလို့မရပါဘူး။ သူဟာ နမည်ကျော် ကာတွန်းဆရာလည်းဖြစ်ပါတယ်။ ဒြပ်မဲ့ ပန်းချီတွေကို ရေးသလို သမိုင်းဇာတ်ကွက်တွေကိုလည်း ရေးတက်ပါတယ်။ သူရဲ့ ငှက် စီးရီး မိန်းမစီးရီး တို့ဟာ ကျွန်တော်တို့ကို ကမ္ဘာသစ်တစ်ခုဆီသို့ ခေါ်ဆောင်သွားပါတယ်။မြန်မာတို့ရဲ့ အချစ်တော် လာဘ်ကောင်းလေးဖြစ်တဲ့ ဇီးကွက်တွေ မကြာခနရေးဆွဲတတ်ပါတယ်။ ကိုချိုရဲ့ ဇီးကွက်ကားနှစ်ကားကို ဆက်တိုက်တင်ပေးလိုက်ပါတယ်။သူရဲ့ဇီးကွက်တစ်ကောင်းချင်းစီဟာ ဒိုင်မစ်ရှင်းတစ်ခုစီ ရေးဆွဲပြထားလို့ အံ့ဩ ရပါတယ်။ အကြောင်းအရာတစ်ခုထဲကိုပဲ ဒိုင်မစ်ရှင်းအမျိုးမျိုးနဲ့ ရေးဆွဲပြတာဟာ တစ်ချိန်ကြရင် မြန်မာ့ ပန်းချီသမိုင်းမှာ အလေးအနက် ဆွေးနွေးရတဲ့ ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။ မြန်မာပြည်ရဲ့အကြိုက်ဆုံး ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၂၃)

The Long Roof On Walking Bath

Aung ko (Shwe Taung): The Long Roof On Walking Bath

Acrylic On Canvas, size-36″×36″

Year Created-2014

ပန်းချီအောင်ကို နှစ်ယောက်ရှိတဲ့အတွက် တစ်ယောက်ကိုရွှေတောင်အောင်ကို နောက်တစ်ယောက်ကို အိုးအောင်ကိုလို့ အလွယ်တကူခေါ်ကြပါတယ်။ နှစ်ယောက်စလုံးဟာ သူနည်းနဲ့ သူအောင်မြင်သူတွေဖြစ်ကြပါတယ်။ ပန်းချီကျောင်းကိုတက်တော့လည်း တစ်နှစ်ထည်း နယ်ကလည်း တစ်နယ်ထဲဖြစ်ပါတယ်။ အခုပန်းချီကားက အောင်ကို(ေရွှတောင်)ရဲ့ လက်ရာဖြစ်ပါတယ်။ တောင်ရိုးလေးတွေ ကုန်းမြင့်ကလေးတွေပေါ်မှာ ဘုရားပေါ်တက်တဲ့ လမ်းတွေကို စကြံအမိုးတွေတည်ဆောက်ပေးတက်တာ မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ပါ။ နွေရာသီမှာ အမိုးအောက်ကသွားရတာ အပူဒဏ်သက်သာတော့ တည်ဆောက်ပေးတဲ့သူမှာ ကုသိုလ်ဖြစ်တာပေါ့။ နိမ့်လိုက်မြင့်လိုက်နှင့် ကွေးကွေးကောက်ကော် မြင်နေရတဲ့ တောင်ကုန်းလေးတွေပေါ်က အမိုးရှည်ရှည်တွေဟာ ပန်းချီဆရာအဖို့ စိတ်ဝင်စားစရာအကြောင်းအရာ ဖြစ်လာပါတယ်။ အဲ့ဒီအမိုးတွေကို သူဟာ အချိန်ကာလတစ်ခုမှာ ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲသမျှလည်းကောင်းပါတယ်။ ရွှေတောင်မြို့ဝန်းကျင်မှာ ဒီလိုရှုခင်းတွေက မရှားပါဘူး။ ဒါကိုပန်းချီကားအဖြစ်မြင်တတ်သူတော့ရှားပါလိမ့်မယ်။ အကြောင်းအရာကို ကန့်လန့်ဖြတ် ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံနဲ့ တောင်ကုန်းရဲ့မျဥ်းကြောင်းတွေက လိုက်ဖက်ညီ ကာရန်ပြေပြစ်ပါတယ်။ အမိုး အနီလေးတွေက အနီရောင်အစစ်မဟုတ်တော့ပဲ အပူငွေ့ကြောင့် အရောင်ကိုသတ်ထားသလို ဖျော့တော့သွားတာက လောဘမကြီးဘဲ ဟန်ချက်ကိုထိန်းထားရုံလေး လှပနေပါတယ်။ သစ်ပင်တွေ မြက်ပင်တွေကို စုတ်ချက်နဲ့အရောင် ကစားသာရုံလေး ပြထားပြီး သူတို့ရဲ့စရိုက်ကို ပေါ်လွင်စေပါတယ်။ ေနရာတိုင်းမှာရှိတဲ့တရိဂံ လိုလို စုတ်ချက်တွေက နောပ်ထပ်အလွှာတစ်ခု ရှိနေသေးကြောင်းလှစ်ပြနေပါတယ်။ ပန်းချီ အောင်ကိုဟာ အချိုးအစားနဲ့ ကောက်ကြောင်းတွေကို နိုင်နင်းသူပီပီ စုတ်ချက်ကစားပြီး ထည့်သွင်းထားတာကိုလည်းမကြာခဏတွေ့ရပါတယ်။ ပတ်ဝန်းကျင်တစ်ခုကို မိမိလိုသလောက်ပဲ ထင်ရှားအောင် တင်ပြ ဖွဲ့စည်းမှုမှာ နမူနာယူလောက်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။

မြန်မာပန်းချီ မှတ်စု(၂၂)

Pyin Oo Lwin

Sitt Moe Aung: Pyin Oo Lwin

Acrylic On Canvas, size-24″×30″

Year Created-2012

ပန်းချီစစ်မိုးအောင်ဟာ မြို့ပြတွေနဲ့ ရှုမျှော်ခင်းတွေကိုရေးဆွဲရာမှာ ထင်ရှားသူတစ်ဦး ဖြစ်ပါတယ်။ သူရဲ့မြို့ပြရှုခင်းတွေဟာ သိပ်မဝေးသေးတဲ့ အတိတ်က ပုံရိပ်တွေကို ရေးဆွဲတာများပါတယ်။ သူဟာ ဆီဆေးရော ၊ ရေဆေးရော နှစ်ခုစလုံးကို ကျွမ်းကျင်စွာ ရေးဆွဲနိုင်သူဖြစ်ပါတယ်။ သူ့ပန်းချီကားတွေဟာ မှုန်ပျပျ အတိတ်တစ်ခုဆီကို ပြန်ပြီးသွားနေရသလိုပါပဲ။ မြို့တစ်မြို့ရဲ့ တိုက်အဟောင်းတွေ အဆောက်အအုံဟောင်းတွေနဲ့ ကားအဟောင်းတွေကို ထည့်သွင်းရေးဆွဲပါတယ်။ အကြောင်းအရာကိုယ်တိုင်က ပြန်ပြီးအောင်းမေ့စရာကောင်းတဲ့ အတိတ်ကိုပြန်ပြီးရေးဆွဲတာ ဖြစ်လို့ သူ့ကားတွေကြည့်ရင် ခံစားချက်တစ်ခုခုကိုအမြဲတမ်းခံစားရပါတယ်။ အတိတ်လွမ်းစိတ်လို့ ခေါ်ရမယ်ထင်ပါတယ်။ အကြောင်းအရာရွေးချယ်မှု ကောင်းတယ်လို့လဲဆိုနိုင်ပါတယ်။ City Of Sculptureရုပ်ထုမြို့တော်ဆိုတဲ့ပြပွဲမှာ ရန်ကုန်မြို့ရဲ့ ပုံရိပ်ဟောင်းတွေ ပန်းချီဆရာပေါင်းစုံ ရေးဆွဲကြတော့ သူလက်ရာတွေကလဲ လွမ်းစရာကောင်းလှပါတယ်။ အထူးသဖြင့် ပန်းဆိုးတန်းလမ်းမကြီးကို ဆွဲတဲ့ သူ့ကားဟာ ရွာတော့မဲ့ မိုးတိမ်တွေရဲ့ပုံကို နောက်ခံထားပြီးရေးဆွဲတာ ကိုယ်ကိုယ်တိုင် မိုးငွေ့တွေကြားရောက်သွားသလိုခံစားရပါတယ်။ ရာသီဥတု အခြေအနေတွေကို ထည့်သွင်းရေးဆွဲတာဟာ သူရဲ့ဟန်တစ်ခုပါပဲ။အခုပြင်ဦးလွင် ပန်းချီကားမှာတော့ နာရီစင်ကြီးရယ်၊ ရထားလုံးတစ်စီးရယ် ၊ မပြောင်းလဲသေးတဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖော်ပြထားပါတယ်။သူရဲ့ဟန်အတိုင်းပဲလို့ဆိုရပါလိမ့်မယ်။ Split-complementary colors နီးစပ်ဖြည့်ဖက် အရောင်တွေ သုံးစွဲထားလို့ ကြည့်ရတာအလွန် ပြေပြစ်ပါတယ်။ ကောင်းကင်အပြာနဲ့ ပန်းခရမ်းရောင်လေးတွေက အလင်ရောင်သိပ်မပြင်းတဲ့ အချိန်တစ်ခုကို ခံစားမိစေပါတယ်။ရှုပ်ရှပ်ခပ်နေတဲ့ ဓာတ်ကြိုးတွေကိုတောင် မေ့သွားစေပါတယ်။ သူ့ရဲ့ water colour ကားလေးတွေကိုနောက်မှ ထက်တင်ပြပါအုံးမယ်။

မြန်မာပန်းချီမှတ်စု(၂၁)

Women

Maung Noe:Women

Acrylic On Canvas, size-24″×30″

Year Created-2012

ပန်းချီကားကိုမြင်လိုက်တာနဲ့ ဂေါ်ဂင်ရဲ့တဟီတီကျွန်းကိုရောက်နေသလားလို့ ခံစားရပါတယ်။ ဂေါ်ဂင်ကလည်း တဟီတီကျွန်းသူတွေကို ကမ္ဘာကျော်အောင် ရေးဆွဲခဲ့တာပါ။ ဒီပန်းချီကားကတော့ မြန်မာအမျိိုးသမီးလေးတွေရဲ့ လွတ်လွတ်လပ်လပ် စုနေကြတဲ့ပုံပါ။ ပန်းချီမောင်နိုးရဲ့ လက်ရာဖြစ်ပါတယ်။ ပန်းချီမောင်နိုးဟာ မဂ္ဂဇင်း၊ ဂျာနယ် ၊ စာအုပ်တွေမှာ သရုပ်ဖော်ပုံများစွာ ရေးဆွဲခဲ့ပြီး အင်မတန် ထူးခြားတဲ့ ဟန်ရှိပါတယ်။ သရုပ်ဖော်ပုံအလုပ်တွေနဲ့ပိနေလို့ ပန်းချီကားများများမရေးနိုင်မှာ စိုးရိမ်ရပါတယ်။ ဗဂျီအောင်စိုးတို့ ရွှေစိုးဟန်တို့ဟာ သရုပ်ဖော်ပုံ အလုပ်ထဲမှာ နစ်မြှုပ်သွားကြလို့ ပန်းချီကားများများမကျန်ရစ်ပဲ သူတို့ရဲ့ သရုပ်ဖော် ပုံတွေပဲ လိုက်လံစုဆောင်းရပါတယ်။ အဲ့ဒါကြောင့်လဲမချင့်မရဲ ဖြစ်ရတယ်။ ဒီပန်းချီကားမှာ မိန်းကလေးတွေရဲ့ ကိုယ်နေဟန်ထားဟာ စိတ်ပေါ့ပါးလွတ်လပ်စွာ လျော့တီ လျော့ရဲ နေထိုင်ကြပုံကို ပေါ်လွှင်စေပါတယ်။ ခန္ဓာကိုယ် ကောက်ကြောင်း မျဥ်းထူထူတွေမှာ စုတ်ချက်အကွက်ကလေးတွေ ခတ်ထားတာက အင်ပရက်ရှင်ဆန်ဆန် ဖြစ်နေပြီး အရောင်သုံးစွဲပုံက ပေါ့ပ်အတ် ဆန်ပါတယ်။ ပြာ၊နီ၊စိမ်း လုံချည်တွေက အရောင်တောက်ပပြီး နောက်ခံလိမ္မော်ရောင်က ပူပြင်းတဲ့ ရာသီဥတု ကြောင့်ထဘီရင်လျားနဲ့ နေနေကြသလို ခံစားမိစေပါတယ်။ အရောင်လွင်ပြင်ထဲမှာ ဖြစ်ပေမဲ့ အနီး၊ အဝေး ရသကိုလည်း ပီပြင်လှပါတယ်။ မောင်နိုးရဲ့ပန်းချီကားတွေက ရှာလှပါတယ်။ ဒီလိုလက်ရာလေးတွေ များများမြင်ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မြန်မာပန်းချီမှတ်စု(၂၀)

Dopat (Traditional Music)

Fay Soe Aung: Dopat (Traditional Music)

Acrylic On Canvas, size-24″×36″

Year Created-2005

ပန်းချီဖေစိုးအောင်ဟာ ေရွှဘိုသား ပန်းချီဆရာတစ်ယောက်ဖြစ်ပြီး မန္တလေးဟန်နွယ်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ ပါးစပ်ပြဲ ပုံလေးတွေနဲ့ လုံးလုံးပြည့်ပြည့်ဟန်ကလေးတွေကို ကိုယ်ပိုင်ဇာတ်ကောင်ပုံလေးတွေ ဖန်တီးတက်ပါတယ်။ ဖေစိုးအောင်ဟာ သရုပ်ဖော်ပုံရေးရာမှာလည်း အများလက်ခံအောင် ရေတတ် ရေးနိုင်တဲ့သူဖြစ်ပါတယ်။ ပုဆိုး ခါးပုံစာကကြလာတဲ့ မျဥ်းကွေးလေးတွေ ခန္ဓာကိုယ်က မျဥ်းကွေးလေးတွေ ကာရံညီညီနဲ့ ရစ်သမ်မိနေတာ တွေ့ရပါတယ်။ဒိုးပတ်ဝိုင်းရဲ့ ပါဝင်သူငါးယောက်မှာ အလယ်ကတစ်ယောက်ကိုပဲ ဦးရွှေရိုးအကကို ပုဆိုးကွက်ကြားကြီးဝတ်ပေးထားပြီး ကခိုင်းထားတာက အာရုံစူစိုက်မှု ပန်းချီကားအလယ်တည့်တည့်ရောက်အောင် ပို့ပေးထားပါတယ်။ လှုပ်နေတဲ့ လင်ကွင်း ဒိုးပတ်ကိုတီးနေတဲ့ လက် နဲ့ ဝါးလက်ခုတ်တွေမှာ လုပ်ရှားနေအောင် စုတ်ချက်နှင့် ကစားထားပါတယ်။ အပေါ်က မီးခိုးရောင်မျဥ်ကတော့ ဒီဇိုင်းဆန်ဆန်ဖြည့်စွတ်ထားပါတယ်။ ခေါ်ဒိုး နဲ့ လိုက်ဒိုး ဒိုးနှစ်ဒိုးရှိရာမှာ ဒိုးပတ်သမားတစ်ယောက်ထဲရှိတဲ့အတွက် ဒိုပတ်သမားတစ်ဦး လိုနေတယ်လို့ ဆိုပေမဲ့ ပြည့်စုံပြီးပျော်စရာကောင်းတဲ့ ပန်းချီကားလေး တစ်ချပ်ဖြစ်လာပါတယ်။

မြန်မာ ပန်းချီမှတ်စု (၁၉)

The Seated Lady

Maung Myint Aung: The Seated Lady

Acrylic On Canvas, size- 14″×18″

Year Created-2015

သူကို လူဝကြီးမောင်မြင့်အောင်လို့ ပန်းချီအသိုင်းအဝိုင်းကခေါ်ကြပါတယ်။ (New Treasure Gallery)ရဲ့ ပြပွဲတစ်ခုမှာ လူဝကြီးပန်းချီကားတစ်ချပ်ပြသခဲ့ရာက အဲ့ဒီနာမည်ရခဲ့တယ်လို့ဆိုကြပါတယ်။ တကယ်တော့သူဟာ ရှုခင်းကား ဒြပ်မဲ့ပန်းချီကားအများကြီးရေးဆွဲဖူးသူပါ။ ဒါပေမဲ့ သူရဲ့မိန်းမဝဝကြီးတွေပုံကပဲ သူရဲ့အမည်နာမကိုထင်ရှားစေခဲ့ပါတယ်။မိန်းမဝဝကြီးတွေ တစ်ယောက်၊ နှစ်ယောက်၊ သုံးယောက်၊ လေးယောက် စသည်ဖြင့်အမျိုးမျိုးရေးဆွဲပါတယ်။မိန်းမဝဝဖိုင့်ဖိုင့်ကြီးတွေရဲ့ ပုံသဏ္ဍန်ဟာ ဆွဲဆောင်မှာမရှိဘူး ရိုးရှင်းတယ်လို့ ထင်ရပေမဲ့ သူရဲ့ရေးချက်ကြောင့် စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုဖြစ်လာပါတယ်။ ဂျပန်နိုင်ငံဟာ မိန်းမဝဝ​​ကြီးတွေ ​​ရေးရာမှ အင်မတန်နာမည်ကျော်ကြပါတယ်။ဆွဲဆောင်မှုတွေရှိတဲ့မိန်းမဝဝကြီးတွေပုံကိုဆွဲတာများပါတယ်။ မောင်မြင့်အောင်ကတော့ မိန်းမဝဝကြီးတွေရဲ့ပုံမှာ ခေါင်းသေးသေးလေးတွေတပ်ပြီး အချိုး​ဖျက်ပြီးရေးဆွဲလေ့ရှိပါတယ်။ ခန္ဓာကိုယ်ကြီးပေမဲ့ ခေါင်းကြီးမလာတာကို ပြောချင်တာလားမသိပါ။အရိုးအဆက်ဆိုတာ သူအတိုင်းရှိနေတတ်ပြီး ခန္ဓာကိုယ်ကဖောင်းကားလာတဲ့အခါ အချိုးမပြေမှုဆိုတဲ့ အတွင်းသဘောကိုရောက်ရှိသွားပါတယ်။တစ်ချိန်တုန်းကတော့ ဒါဟာနိုင်ငံရေးသရော်မှုလဲဖြစ်နိုင်တယ်။လူအဖွဲ့အစည်းကိုသရော်မှုလဲ ဖြစ်နိုင်ပါတယ်လို့ အဓိပ္ပါယ်ဖွင့်ကြမှာပါ။အနုပညာသမားတွေဟာ သကေ်တတွေနဲ့ တင်ပြရတဲ့ခေတ်ရှိခဲ့တာကိုး။ သူ့ရဲ့မိန်းမဝဝကြီးတွေရဲ့ပုံဟာ စုတ်ချက်အဝင်အထွက်ရဲတင်းသလို အစိတ်အပိုင်းတိုင်းက ဖျတ်လတ်ပြီး အသက်ဝင်လာပါတယ်။အရောင်သုံးပုံကလည်း ပေါ်လွင်ထင်ရှားစေတဲ့ အရောင်တွေ သုံးတတ်ပါတယ်။ သူဟာနည်းစနစ်သစ်တို့ကို အမြဲရှာဖွေသူဖြစ်ပေမဲ့ ဒီအကြောင်းအရာတွေပဲ ပြန်ပြန်ရောက်လာပါတယ်။ လူဝကြီးမောင်မြင့်အောင်ဟာ သူပန်းချီကားတွေနဲ့ ဆန့်ကျင်ဘက် ပိန်ပိန်ပါးပါး လူတစ်ယောက်ပါ။အဆင့်မြင့်ပြီး အနုပညာမှော်အောင်တဲ့ ပန်းချီဆရာတစ်ယောက်အဖြစ်ရှိနေမှာပါ။

မြန်မာပန်းချီမှတ်စု (၁၈)

Free in the bird

Lynn Wunna: Free in the bird

Acrylic On Canvas, size-24″×30″

Year created-2009

ငြိမ်းချမ်းရေးချိုးဖြူ၊ ရွှေလှောင်ချိုင့်နဲ့ နံရံတစ်ခု

ပန်းချီလင်းဝဏ္ဏဟာ နိုင်ငံရေးနောက်ခံအများကြီးရှိတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်္္္။ ဒေါင်းရုပ်ကလေးတစ်ရုပ်ကိုဆွဲခဲ့ဖူးလို့ ထောင်ဒဏ်ကျခံရတဲ့ ပန်းချီဆရာတစ်ယောက်လဲဖြစ်ပါတယ်။သူဟာ ဆရာကြီး ဗဂျီအောင်စိုးနဲ့ လက်ပွန်းတတီးနေထိုင်ပြီး ပညာသင်ယူခဲ့သူလဲ ဖြစ်ပါတယ်။ ဗဂျီအောင်စိုးရဲ့ အငွေ့အသတ်တွေ သူ့ပန်းချီကားမှာတွေ့နိုင်သလို နိုင်ငံရေးအငွေ့အသက်တွေလဲ သူ့ပန်းချီကားမှာတွေ့နိုင်ပါတယ်။ တစ်ဖက်ကလည်းစာအုပ်ထုတ်ဝေရေးနှင့်ဒီဇိုင်းတွေရေးဆွဲပါတယ်။ဒီပန်းချီကားမှာတော့ အလှတရားကိုချယ်မှုန်းပေမဲ့ ၂၀၀၉ ခုနှစ်နိုင်ငံရေးကိုထင်ဟပ်တဲ့သဘောထားကိုတွေ့နိုင်ပါတယ်။ လှောင်ချိုင့်ထဲကထုတ်ထားတဲ့ငှက်ကလေးဟာ ငြိမ်းချမ်းရေး ချုိးဖြူပါ။ ထိုင်နေတဲ့မိန်းမသူကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဟန်နဲ့ နှီးနွယ်ပြီးရေးဆွဲထားပါတယ်။၂၀၀၈အခြေခံဥပဒေကြောင့် သို့လောသို့လော ဖြစ်နေတဲ့ ပြည်သူတွေရယ် ဒေါ်အောင်ဆန်းစုကြည်တို့ မလွတ်​​​မြှောက်သေးတဲ့အချိန်မှာ နိုင်ငံရေးနောက်ခံပန်းချီဆရာက ရေးဆွဲတင်ပြထားပါတယ်။ထိုင်မသိမ်းနဲ့ ရှေးဆန်တဲ့အမျိုးသမီးပုံဖြစ်ပေမဲ့ နောက်မှာလဲအောက်နံရံလိုအကွက်တွေနဲ့ နံရံတစ်ခုကိုပြသထားပါတယ်။ချိုးဖြူငှက်ကလေးဟာ လှောင်ချိုင့်ထဲက လွတ်နိုင်ပေမဲ့ အုတ်နံရံထဲကမလွတ်နိုင်သေးဘူးလို့ပြောချင်တာလည်းဖြစ်ပါတယ်။ တစ်ဝက် အခြေအနေတစ်ခုကို တင်ပြတာ ဒါလဲဖြစ်နိုင်ပါတယ်။မျဥ်းကြောင်းတွေက ထူထဲတဲ့လိုင်းတွေနဲ့အားကောင်းအောင်ရေးပြထားပါတယ်။ ရွှေရောင်စုတ်ချက်တွေက ရွှေလှောင်ချိုင့်ကို ကိုယ်စားပြုထားပါတယ်။ငြိမ်းချမ်းရေးအနုပညာပွဲတော် ပန်းဆိုးတန်းပန်းချီးခန်းမတွင် ၂၀၀၉ ခုနှစ်က ပြသခဲ့တဲ့ကားဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ(၁၇)

Mother and Child

Maung Yu Sein: Mother and Child

Acrylic On Canvas, size-36″×36″

Year Created-2007

ဆရာမောင်ယုစိန်ရဲ့စတုရာဇ်လို့ အမည်ရတဲ့ပြပွဲမှာပြသခဲ့ပါတယ်။လေးထောင့် အကွက်တွေထဲမှာ မျဥ်းကွေးတွေကို သကေ်တဆန်ဆန်ဖွဲ့စည်းပါတယ်။(women ) နဲ့(mother and child)ဆိုပြီး နှစ်ခုရှိပါတယ်။အရုပ်စာလိုလို အက္ခရာလိုလို မရေရာမှုကပဲ ဆွဲဆောင်နေသလိုဖြစ်ပါတယ်။ဧည့်ခန်းမှာချိတ်ထားရင် အင်မတန်တင့်တယ်တဲ့ကားပါ။ဆရာမောင်ယုစိန်ဟာ ၁၉၇၄ ရန်ကုန်တက္ကသိုလ် မဂ္ဂဇင်း အဖုံးမှာ ရွေးချယ်ဖော်ပြခံရတဲ့ ပန်းချီဆရာတစ်ဦး ဖြစ်ပါတယ်။တက္ကသိုလ်မှာပဲ အနုပညာမှော်အောင်သွားတယ်လို့ ဆိုနိုင်ပါတယ်။မော်ဒန်္၊ ပို့စ်မော်ဒန် အနုပညာတွေကို စိတ်ဝင်စားသူပီပီ ပန်းချီလောကအတွက် စာအုပ်များရေးသားခဲ့ပါတယ်။ပန်းချီတင်မက ထူးခြားတဲ့ပန်းပုလက်ရာတွေလည်း ဖန်တီးပါတယ်။ (စတုရာဇ်) Quartetra ဆိုတဲ့တစ်ကိုယ်တော်ပြပွဲကို ၂၀၁၈ မှာ ပန်းဆိုးတန်းအနုပညာကဖေးတွင် ပြသခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါသည်။ပဲခူးမြို့တွင် အခြေစိုက်နေထိုင် ခဲ့ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၁၆)

Untitled

Maung Di: Untitled

Acrylic On Canvas, size-18″14″

Year Created-1997

ဆရာမောင်ဒီရဲ့ (၁၉၉၇)လက်ရာဟောင်းပန်းချီကားလေးပါ။အဲ့ဒီကာလမှာ ဆရာမောင်ဒီက ပုပ္ပါးဒေသ ​​ မှာ ပန်းချီ​​ြပ​ခန်းဖွင့်ရင်း အ​​​​ေ​ြခ စိုက်​​ေနပါတယ်။ အဲ့ဒါကြောင့်မို့(Abstract) ကားရေးတယ်ဆိုပေမဲ့ ကျေးလက်ရဲ့ အရိပ်အငွေ့တွေပါနေသလားလို့ကိုယ့်ဘာသာစဉ်းစားမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ အညာနေပူထဲ အုန်းလက်တွေ အရိပ်တွေ သစ်ရွက်အခက်အလက်တွေလိုထင်မှားမိပါတယ်။ ဒါက ကိုယ့်ရဲ့ခံစားမှုပိုင်းပါ။ရေးတဲ့ပန်းချီဆရာဘက်မှာတော့ သီးခြားရည်ညွှန်းချက်ရှိရင်ရှိပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ် အင်မတန်သေသပ်ပြီးတိကျတဲ့စုတ်ချက်တွေက သူဘာသာပြည့်စုံတဲ့အလှတရားတစ်ခုဖြစ်နေပါတယ်။ အံ့ဩ ဖွယ် (perfection) တစ်ခုဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၁၄)

Adam and Eve

Than Htay Maung: Adam and Eve

Acrylic On Canvas, Size- 48″×36″

Year Created-2003

ပထမဆုံးဝယ်ယူစုဆောင်းဖူးတဲ့ ခေတ်ပြိုင်ပန်းချီကားတစ်ချပ်ပါ။လောကနတ်ပန်းချီပြခန်းမှာ သူရဲ့ တစ်ကိုယ်တော်ပြပွဲအပြီးမှာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။ပန်းချီသန်းဌေးမောင်ဟာ( ၁၉၉၀)မဂ္ဂဇင်းခေတ်တစ်ခေတ်မှာ သရုပ်ဖော်ပုံပေါင်းများစွာရေဆွဲခဲ့သူဖြစ်ပါတယ်။တပ်ဆင်တင်ဆက်မှုအနုပညာတွေကိုလည်း ဖန်တီးပြသခဲ့ပါတယ်။ပန်းချီရေးတဲ့အခါမှာလဲ အင်မတန်ကြွယ်ဝတဲ့ရေးဟန်ကိုတွေ့ရပါတယ်။ဒီပန်းချီကားမှာလည်း (mixed medium) ကြားခံ မီဒီယံတွေယောနှောပြီး ဖန်တီးထားတာဖြစ်ပါတယ်။အာဒံနဲ့ဧဝရဲ့ မျက်နှာပုံကိုသစ်သားနဲ့ထုထားပြီး မိုးရေထဲမှာခြောက်နှစ်လောက်ပြစ်ထားရတယ်လို့​ပြောပါတယ်။ အဲ့ဒီလို သစ်သားကိုရေစားသွားတဲ့အရသာရတော့မှ ပန်းချီကားကိုဖန်တီးတာဖြစ်ပါတယ်။မစားကောင်းတဲ့အသီးကိုအလယ်မှာထင်ရှားစွာရေးပြထားတယ်။ဆေတန်းကအယောင်ဆောင်ထားတဲ့မြွေကိုလည်း ရေးပြထားပြီး သစ်ပင်ကိုတော့ရှုပ်ထွေးလှတဲ့ စုတ်ချက်တွေနဲ့ ချယ်မှုန်းထားပါတယ်။ သစ်သားရုပ်ထုအပြားလေးကိုအောက်မှာကပ်ထားတာက ဒဏ္ဍာရီ တစ်ခုကိုအသွင်အသစ်တစ်ခုအနေနှင့် ပြန်လည်ဆန်းသစ်စေပါတယ်။ ခေတ်ပြိုင်ပန်းချီကားတစ်ချပ်ဆိုတာဒီလိုပါပဲ။ပေါင်းစပ်မှုတွေကြောင့် အမြင်သစ်တွေဖြစ်စေချင်တာပါ။ခုချိန်ထိ နှစ်ချိုက်ဆဲပန်းချီးကားပါ။

မြန်မာပန်းချီမှတ်စုများ (၁၃)