Transparency

Aung Htoo: Transparency
Oil on canvas, size 48″ x 60″, 1200 x 1500cm
Year Created- 2013

မြန်မာပန်းချီမှတ်စု (၃၃)

သူ့ပန်းချီကားတွေကြည့်တဲ့အခါ အမြဲ အံ့သြခြင်းနဲ့ ငေးမောနေရပါတယ်။ တိကျသေချာအောင်ရေးတဲ့နေရာမှာ သူရေးသလို ရေးဖို့မလွယ်ပါဘူး။ အထူးသဖြင့် သူ့ပန်ချီကားတွေဟာဆိုက်အကြီးကြီးတွေများပါတယ်။ ဖန်ခွက်တစ်ခုကို (၅) ပေဆိုဒ်လောက်ရေးပြတဲ့အခါမှာ အလိုလိုနေရင်း အချိုးပြောင်းလဲသွားပြီး ကြည့်ရှူ့သူကို ဖမ်းစားပါတော့တယ်။ တကယ်တော့သူဟာ ဒီပန်းချီကားတွေရေးဖို့ ဖန်ခွက်ကို ဆေးရည်တွေလောင်းချပြီး ဆေးရည်တွေရဲ့ စီးတွဲကျမှု ကြားခံအရည်ရောစပ်မှုမလုပ်ပဲ ပေါင်းစပ်သွားမှု တွေကို အမျိုးမျိုးလေ့လာပြီး ရေးတာပါ။ ဒါကြောင့် အင်စတော်လေးရှင်းလုပ်တာကအရင် ပန်းချီဆွဲတာကနောက် အဆင့်ဆင့် ရေးဆွဲတာ ဖြစ်ပါတယ်။ ဖန်သားတစ်ခုရဲ့ ကြည်လင်မှု အနားသတ်မျဥ်း၊ ရောင်ပြန် ၊အရိပ် စတာတွေကို လိုသလိုအတိုးအလျော့နဲ့ တိကျသေချာစွာရေးနိုင်ပါတယ်။ ပန်းချီဆရာတွေဆွဲတဲ့ဆေးကို အကြောင်းအရာတစ်ခုအဖြစ် ဖန်တီးပြီ ရေးဆွဲပြတာ သူပထမဆုံး ဖြစ်လေမလားမသိဘူး။ သူရဲ့အရိပ်တွေက သဘာဝကျလွန်းလို့ မြင်တောင်မမြင်ရပဲ စိတ်ထဲမှာ အရိပ်ထင်နေပါတယ်။ ဒီပန်းချီကားက သူဆွဲနေကျ အရောင်တွေရဲ့ ပြောင်းပြန်ပါ။ ရောင်ပြန်တွေရဲ့ အနားသတ်မျဥ်းကို သီးခြားလေ့လာတဲ့အခါ တွေ့ရှိမှုဖြစ်ပါတယ်။ သူရဲ့ ပထမဆုံး တစ်ကိုယ်တော်ပြပွဲကို (Colours and transparency) လို့ အမည်ပေးပြီး ပန်းဆိုးတန်းပန်ချီ ခန်းမမှာပဲ ပြသခဲ့ပါတယ်။ ပရိတ်သတ်ကို အံ့သြငေးမောစေခဲ့သလို အောင်မြင်တဲ့ ပြပွဲလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရန်ကုန်ဂယ်လာရီ မှာပြတော့ ကြည်လင်တဲ့ ကျောက်မျက်တွေနဲ့လအရောင်တွေ ရောစပ်ရေဆွဲခဲ့ပြန်ပါတယ်။ ခေတ်ပြိုင်ပန်းချီမှာ (Hyperrealism) ဖြစ်တဲ့အပြင် အင်စတော်လေးရှင်းတစ်ခုဖြစ်လို့ ပိုပြီးထူခြားတယ်လို့ဆိုနိုင်ပါတယ်။ သူဘာတွေဆက်ပြီး စိတ်ဝင်စားမယဆိုတာ စောင့်ပြီးကြည့်ရမဲ့ ပန်းချီဆရာတစ်ဦး ဖြစ်ပါတယ်။

Pas-de-deux

Aung Khaing: Pas-de-deux
Acrylic on canvas, size 30″ x 36″, 75 x 90cm
Year Created- 2015

ဦအောင်ခိုင်ရဲ့ ပန်းချီဆရာ ဘဝဟာ ထူးခြားပါတယ်။ ငယ်စဥ်က ပန်းချီရေးတဲ့အခါ မော်ဒန်ဟန်ကိုရေးလို့ ပစ်ပါယ်ခံရပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ တစ်ကိုယ်တော်ပြပွဲ ပြုလုပ်ဖို့ ကြိုးစားပေမဲ့ တစ်ပွဲလုံး အပါယ်ခံ အပိတ်ခံရတဲ့အပြင် ခေါ်ယူသတိပေးခြင်းပါခံရပါတယ်။ ပန်းချီကောင်စီ ဥက္ကဌဖြစ်တဲ့ ဦးမင်နိုင်က ပန်းချီပြပွဲကိုပိတ်ချင်ပိတ်ပါ လူကိုမပိတ်ပါနဲ့ နောင်ပြပွဲပြချင်တဲ့အခါ ထပ်ပြီးကြိုးစားခွင့်ပေးပါလို့ ပန်းချီဆရာချင်းစာနာပြီ မေတ္တာရပ်ခံခဲ့ရပါတယ်။ (၂၀၀၀)ခုနှစ်ကျော်တော့မှ သူရဲ့လက်ရာတွေကို ပြန်လည်ပြသခွင့်ရပါတယ်။ (၂၀၁၂) နောက်ပိုင်းတိုင်းပြည်ပွင့်လင်းလာတော့ ပန်းချီချစ်သူ၊ စုဆောင်းသူတွေက သူရဲ့လက်ရာတွေကို ကြိုဆိုခဲ့ကြပါတယ်။ အသက်အရွယ်ရရှိလာပြီ ဖြစ်ပေမဲ့ သူ့ရဲ့ရေးအားက ကြောက်စရာကောင်းလောက်အောင် အတိုးချ ပြီးရေးပါတယ်။ တကယ်တော့သူဟာ ရိုးရာသစ်ဟန်ရဲ့ ဆရာတစ်ဆူ ဖြစ်တဲ့ ပန်းချီအောင်စိုးရဲ့ ဟန်နဲ့ အတော်နီးစပ်ပါတယ်။ မြန်မာ့ရိုးရာလိုင်း မျဥ်းကြောင်းတွေကိုထူထူထဲထဲနဲ့ ရေးဆွဲပြီး ကနုတ်တွေ ခြူးပန်းတွေ မညီမညာ ခေတ်သစ်ဟန် အသက်သွင်းပြီး ပြန်လည်ပုံဖော်ပါတယ်။ သူ့ရဲ့ မိန်းမများ ပန်းချီကားတွေဟာ ဝတ်ရုံတွေ တွဲလောင်းကျနေသလို ပျော့ပျောင်းလှပါတယ်။ အရောင်တွေက စူးရဲတောက်ပနေပြီး သူချစ်တဲ့ မျဥ်းကြောင်းတွေကိုအထောက်အကူပြုယုံ ဖြည့်သွင်းထားပါတယ်။ သူ့ပန်းချီကားတွေကို နိုင်ငံတကာက ဝယ်ယူစုဆောင်းထားတဲ့အတွက် မဆုတ်မနစ်ကြိုးစားခဲ့တဲ့ ပန်းချီဆရာတစ်ယောက်ရဲ့ ဆုလဘ်လို့ပြောရမှာပါ။

ThuNgeDaw (Nat)

Soe Naing: ThuNgeDaw (Nat)

Acrylic on Canvas, 24″ × 36″

Year Created- 2017

ကိုစိုးနိုင်ရဲ့ ပန်းချီကားတွေမကြည့်ခင် သူရဲ့ စကက်ချ်တွေကိုကြည့်မိရင် သူရဲ့ပန်းချီကားကို နာလည်ရတာ ပိုကောင်းတယ်လို့ထင်ပါတယ်။ ပန်းချီကားပေါင်းများစွာ အဆက်မ​​​​ပြတ်ရေးဆွဲခဲ့သလို ပန်းချီပြပွဲများစွာ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်မှာတုန်းက သတ္တဗေဒကိုလေ့လာခဲ့တဲ့အတွက် အမျိုးအမည်မသိတဲ့အကောင်လေးတွေ သူစိတ်ထဲမှာစွဲနေပုံရပါတယ်။ မှင်ခြစ်ပုံကျမ်းတွေ ရေးဆွဲတဲ့အခါမှာ စာမျက်နှာ (၅၀၀) ပါစက္ကူတစ်ထုပ်ကို တထိုင်ထည်း ရေးခြစ်တက်ပါတယ်။ (၁၉၉၀) ဝန်ကျင်မှာ (Automaticism) အလိုအလျောက်ဝါဒဆိုတဲ့ စကားလုံး တစ်လုံကို ပန်းချီခင်ဝမ်းနဲ့တွဲပြီး ဖန်တီးခဲ့ပါတယ်။ ပုံကြမ်းတွေ ရေးရင်း သူရဲ့လက်က လက်သားကြအောင် ပန်းချီရေးတဲ့အခါ စုတ်ချက်တွေရဲ့ ရစ်သမ်က ခံစားချက်အားပါပြီး သေချာလှပါတယ်။ အဲ့ဒါတွေက စိုးနိုင်ရဲ့ နာမည်ကျော် စုတ်ချက်တွေပါပဲ။ စက္ကူပေါ်မှာရေးရေး ကင်ဗက်ပေါ်မှာရေးရေး သူရဲ့ဟန်က သူများနဲ့အမြဲကွဲပြားနေပါတယ်။ စုတ်ချက်တစ်ခုက အရုပ်တစ်ခုဖြစ်နိုင်သလို အရုပ်တစ်ခုမှာလည်း ခံစားချက်ပါတဲ့ စုတ်ချက်တွေ အများကြီးပါ။ သူ့ရဲ့အရောင်သုံးပုံ စနစ်ဟာ ဆန့်ကျင်ဘက် တွဲဖက်အရောင်တွေ ကျွမ်းကျင်နိုင်နင်းစွာသုံးလို့ အရောင်နည်းစနစ်ယူရတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဖြတ်ညှပ်ကပ် ပန်းချီတွေရော (Found Object) ပြန်လည်တင်ပြမှုရော ပန်းပုရော နည်းမျိုးစုံ ဖန်တီးနေတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ ပန်းချီဆွဲခြင်းကလွဲ သူစိတ်ထဲမှာ ဘာမှမရှိပါ။ သူကို (Ab-Ex) သမားတစ်ယောက်လိုပဲ ပြောကြပါတယ်။ ဝါဒတစ်ခုက ခေတ်တစ်ခုကို ကိုယ်စားမပြုနိုင်လို့ ကျွန်တော်ကတော့ အဲ့ဒီလိုမပြောချင်ပါဘူး။ လဖ္ဘက်ရည်ဆိုင် ထိုင်တဲ့အခါ သူလက်တွေဟာ လေထဲမှာ ပန်းချီဆွဲနေသလို လှုပ်ရှားနေတက်ပါတယ်။ လက်ကိုနောက်ပြစ်ထားရင်လည်း နောက်ပြန် ပန်းချီဆွဲနေတယ်လို့ ထင်ရအောင် လက်က လှုပ်ရှားနေပါတယ်။ အဲ့ဒါဟာ အလိုအလျောက် ပန်းချီဆရာတစ်ယောက်ပါပဲ။

မြန်မာပန်းချီမှတ်စု (၃၁)

Bathing Girl

Tin Maung Oo: Bathing Girl

Acrylic on canvas, size 14″x18″

Year created-2005

ပန်းချီတင်မောင်ဦးနှစ်ယောက်ရှိပါတယ်။ ရန်ကုန် တင်မောင်ဦးနဲ့ မန္တလေးတင်မောင်ဦး လို့ခေါ်ကြပါတယ်။ နှစ်ယောက်စလုံးဟာ သီးခြားဟန်​ေတွရှိပြီး ကျော်ကြားကြသူတေွ​ြဖစ်ပါတယ်။ မန္တလေးတင်မောင်ဦးက လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကွယ်လွန်သွားခဲ့တော့ သူရဲ့အင်မတန်ကောင်းတဲ့ လက်ရာ​ေတွကိုလွမ်းဆွတ်ကြရပါတယ်။ရန်ကုန် တင်မောင်ဦးဟာ ဆရာဦးခင်မောင်(ဘဏ်)ရဲ့ နည်းစနစ်တစ်ချို့ကို လိုအပ်သလိုသုံးပြီး ဆရာပေါ်ဦးသက်ရဲ့ နှိုင်းယှဥ်တင်​ြပ​နည်းတစ်ချို့ ကိုသုံးစွဲတတ်ပါတယ်။ ပန်းချီတင်မောင်ဦးရဲ့ ဟန်ဟာ သီးခြားကွဲထွက်နေပြီး ​ြမန်မာ့ဓလေ့ယဉ်​ေကျးမှုကို တင်ပြတာရော ​ြမန်မာ့​ေကျးလက်ကို ချဉ်းကပ်တာရော နှစ်ခုစလုံး အောင်မြင်အောင် တင်ပြနိုင်ပါတယ်။ သမာရိုးကြပျော်စရာ အရုပ်​ေတွချည်း မဟုတ််ဘဲ​​ြမန်မာ့​ေကျးလက် ဝိဉာဉ်ကို နက်ရှိုင်းစွာ ဖော်ပြနိုင်ပါတယ်။ အရောင်​ေတွကို ပိုင်းစစိတ်မွှာ​​းပြီးတွဲကပ် တင်ပြတဲ့အခါ ဆာရီယယ် ဆန်တဲ့ ဖွဲ့စည်းပုံနဲ့ အင်မတန် ထူး​​ြခားတဲ့ ပန်းချီကား​ေတွ ​ြဖစ်လာပါတယ်။ သူ့ရဲ့လက်ရာဟာ အဂ်လန်က (၁၉၆၀)ကျော်မှာ ထင်ရှားခဲ့တဲ့ (Harold Hitchcock)ရဲ့ လက်ရာတစ်ချို့နဲ့ ဆင်ပေမဲ့ သူကိုယ်တိုင်က ​​ြမင်ဖူးချင် မှ​ြမင်ဖူးမှာပါ။ ဟစ်ခ်ျကော့ ကတော့ ထုထည်လုံးလုံး​ေတွနဲ့ ဖွဲ့စည်းတတ်ပါတယ်။ အထူးသဖြင့် ​ေကျးလက်ပန်းချီကား​ေတွရေးတဲ့အခါ နက်ရှိင်းတဲ့ ခံစားချက်​ရပုံချင်းတူတာပါ။ ဆရာတင်မောင်ဦးက ညောင်တုန်းသားဖြစ်လို့ ဧရာဝတီ ​​ြမစ်ဝှမ်းရဲ့ ​ေကျးလက်ဓလေ့ ဖော်တဲ့အခါ ဓနိပင်​ေတွ ၊ရေစပ်စပ်နဲ့ လယ်​ကွင်း​ေတွအဲ့ဒီကြားက ရောင်​ြပန်​ေတွရေးတဲ့အခါ သဘာဝကျလှပါတယ်။ဒီပန်းချီကားမှာ ရေးတွင်းဘေးမှာ အဝတ်လျော်နေတဲ့ မိန်းကလေးရယ် ခပ် လှမ်းလှမ်းကအိမ်ရဲ့ ကြားမှာ သစ်ရွက်​ေတွ ခြုံပုတ်​ေတွ​ကို အကွက်ကျကျ ရေးဆွဲထားပြီး အဝေးက သစ်ကိုင်းဖြူ​ြဖူ​ေတွမှာ အဆုံးသတ်ထားပါတယ်။ အရေ​ာင်ကွက်တွေ တစ်ခုချင်းစီဟာ အကြောင်းအရာနဲ့ အလင်းအမှောင်ကို တွဲဖက်ဖွဲ့စည်းထားပြီး ဘဝင်ကြလောက်တဲ့ ဖွဲ့စည်းပုံကို ဖွဲ့စည်းရေးဆွဲထားပါတယ်။ ဆရာတင်မောင်ဦးရဲ့ လက်ရာ​ေတွအများအပြားလေ့လာစရာကျန်ပါသေးတယ်။

မြ​န်မာပန်းချီမှတ်စုများ(၃၀)

Pas-de-deux

Myo Nyint Khin: Pas-de-deux

Acrylic On Canvas, size- 24″×36″

Year Created-2008

မိတ်ဆက်ပေးစရာ မလိုတဲ့ ပန်းချီ မျုိးညွန့်ခင်ရဲ့ ပန်းချီကားတစ်ချပ်ကိုမိတ်ဆက်ပေးလိုက်ပါတယ်။ ဒါဟာ သူရဲ့ အစောပိုင်းရေးတဲ့ပန်းချီလက်ရာဖြစ်ပါတယ်။ (Pop Art) အရောင်တွေနဲ့ ခပ်ပျော့ပျော့ မျဥ်းတွေရောစပ်ပြီးရေးထားပါတယ်။အသာကလေးမျှောပြီး လိုက်ချင်စရာကောင်းတဲ့ စိတ်ကူးယဥ်မျဥ်းကွေး ဒီပန်းချီကားမှာ အလွှမ်းမိုးဆုံးပါပဲ။ တစ်ချို့ကသူအရုပ်ကို ကာတွန်းဆန် တယ်လို့ ပြောကြပေမဲ့ တကယ်တော့ အချိုးဖျက်ခြင်းမျှသာဖြစ်ပါတယ်။ ပန်းချီမျိုးညွန့်ခင် ဟာ Acrylic ကို ရေဆေးလို မျှောရေးရမှာအလွန်တော်ပါတယ်။ သူရဲ့ အရုပ်တွေဟာ ခေါင်းသေးသေးလေးတွေပါရှိပါတယ်။ အဲ့ဒီခေါင်းသေးသေးလေးတွေဟာ အခြေအနေတစ်ရပ်မှာ ပျော်ဝင်မှုတစ်ခုလို့လဲ ဆိုချင်ပါတယ်။ (mood) တစ်ခုနောက်ကို လိုက်တဲ့ အခါမှာ အလိုလိုနေရင်း လျော့ပါးသွားတဲ့ အတ္တရဲ့ လျော့ပါးမှုတစ်ခုပါ။နောက်ပိုင်းမှာ သူရဲ့ လက်ရာတွေအမျိုးမျိုးပြောင်းလဲပေမဲ့ (mood)တစ်ခုကို ဖမ်းတာအရမ်းကောင်းပါတယ်။ နောက်ထပ်သူ ကားတွေတင်တဲ့အခါ ဆက်ပြီးလေ့လာကြည့်ကြပါ။

မြန်မာပန်းချီမှတ်စုများ(၂၉)

Untitled

Ba Htay Kyi: Untitled

Watercolour on Paper, size- 11½”×13½”

Year Created- 2010

အမှောင်နှင့်ဖြာထွက်နေသော အရောင်များ

ဆရာဘဌေးကြည်ကို သရုပ်ဖော်ပုံတွေရေးတဲ့သူ ပြီးတော့ ကာတွန်းဆရာတစ်ယောက်အဖြစ် စသိရတာပါ။ သူအဖုံးဒီဇိုင်းတွေ ဖန်တီးတဲ့အခါ တစ်ခြားသူတွေ နည်းယူရတဲ့အထိ အရောင်သုံးစွဲပုံက ကောင်းလွန်းလှပါတယ်။ ပန်းဆိုးတန်းပန်းချီပြခန်းစတော့ ကိုဘဌေးကြည်ပဲ စာလုံးဒီဇိုင်းကို ရွေးချယ်ပေးခဲ့ပါတယ်။ ပန်းချီပြခန်းဖွင့်ပွဲမှာလည်း အမှတ်တရ ပို့(စ်)စကတ်တွေထုတ်ဝေတဲ့အခါ သူပန်းချီကားတွေပါဝင်ပါတယ်။ အဲ့ဒီတုန်းက ကလေးတွေ ရွာမှာကစားနေကြ ကစားပွဲတွေကို စိတ်ဝင်စားပြီး ရေးဆွဲနေတဲ့အချိန်ဖြစ်ပါတယ်။ သူအိမ်ကိုရောက်သွားတဲ့အခါ သူပန်းချီကားရေးတာ သူများတွေလို စုတ်တံတွေချည် မဟုတ်ဘဲ အဝတ်စတွေရော ချွန်ချွန်ထက်ထက်အရာတွေရော အမျိုးမျိုး တီထွင်ဖန်တီးပြီး ရေးတာကိုတွေ့ဖူးပါတယ်။ သူဆွဲတဲ့ ကလေးကစားနည်း ပန်းချီကားလေးတွေ ပိုကြိုက်သွားပြီး ဆွဲပေးအုံးလေဗျာလို့တောင်းရင် ကျွန်တော်က (Abstract) ကားတွေပဲစိတ်ဝင်စားတာ ကိုအောင်ရလို့ ပြောဖူးပါတယ်။ တကယ်တော့ သူဟာ အကြောင်းအရာပါတာပဲရေးရေး မပါတာပဲရေးရေး စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်သူ ဖြစ်ပါတယ်။ သူများနဲ့မတူတဲ့ အထူးပြုလုပ်မှုတွေလည်း ပါတတ်ပါတယ်။ (minimalism) လို ဘာမှမပါဘဲ ပါးပါးလေးတွေ ရေးပြရင်လည်း သူဘယ်လို စဥ်စားပါလိမ့်လို့ တအံ့တဩ ဖြစ်ရတယ်။ ခုချိန်ထိ ပန်းချီပြခန်းဖွင့်ပွဲမှာ ရေးပေးခဲ့တဲ့ သူပန်းချီကားတွေကို လက်ထဲမှာမရှိတော့ပေမဲ့ လွမ်းနေတုန်းပဲ ။ မောင်ဖိုးအောင်ကြီး တကယ်အလုပ်လုပ်ပြီဆိုတော့ ရေးရမှာပေါ့ဗျာလို့ ပြောသံကိုလည်း ကြားယောင်မိဆဲပဲ။ သူအကြောင်းရေးရမယ်ဆို အများကြီးရှိပါတယ်။ သူရေးတဲ့ (Abstract)ပန်းချီကို စက္ကူပေါ်ရေးတာရော ကင်းဗတ်(စ်)ပေါ်မှာ ရေးတာရော နှစ်ခုစလုံးဟာ အမြဲတမ်း ထင်မှတ်မထားတဲ့ ထိုးနှက်ချက်တစ်ခုလို အရှိုက်ကိုတည့်တည့်ထိတာ ချည်းပဲ။ စဥ်စားပုံရော ရေးဆွဲပုံပါ မတူတဲ့ ရသကို ပေးပြီး မခံစားမိဘူးတဲ့ ခံစားမှုကိုပေးပါတယ်။ ဒီကားနှစ်ချပ်မှာလည်း လားရာ (vector)အမျိုးမျိုးကလာတဲ့ အနက်မျဥ်း အမှောင်မျဥ်းတွေဟာ နောက်ခံကအရောင်တွေနဲ့ ပုံစံအမျိုးမျိုး ကူးလူးနေကြတာကိုတွေ့ရပါတယ်။ အရောင်ကအမြင်အာရုံကိုထိန်းချုပ်ထားပြီး အမှောင်မျဥ်းတွေက စိတ်ကိုပြေးလွှားနေစေတယ်။ ကိုဘဌေးကြည် ကွယ်လွန်သွားပြီလို့ ကြားရတော့ ကိုဗစ်ကြောင့် လိုက်မပို့ပေးနိုင်ပေမဲ့ သူပန်းချီကားတွေ ထုတ်ပြီး ကြည့်မိသလို အလွမ်းကဗျာတစ်ပုဒ်လည်း ရေးမိတယ်။ မျှော်လင့်မကုန်နိုင်တဲ့ လူတစ်ယောက်ဆီက မျှော်လင့်ချက်ကို ကတ်ကြေးနဲ့ ဖျက်သလို​​ြဖ​​တ်သွားတာ ခံစားရခက်ပါတယ်။

မြန်မာပန်းချီမှတ်စုများ(၂၈)

Two Burmese Kids

Myint San Myint: Two Burmese Kids

Acrylic On Canvas, size-36″×48″

Year Created-2013

ပန်းချီမြင့်စံမြင့်ဟာ သမာရိုးကျရေးဟန်မဟုတ်ပဲ ပိုးစာဘောင် ဆေးရိုက်တဲ့နည်းနဲ့ တွဲဖက်ပြီးတော့ ရေးတတ်ပါတယ်။ သူ့ပန်းချီကားတွေက အကြောင်းအရာအများစုဟာ နေ့စဥ်ဘဝမှာကြုံတွေ့နေရတဲ့ သာမန်လူတွေရဲ့ အကြောင်းဖြစ်ပါတယ်။ ရိုးစင်းနေတဲ့ ဘဝတွေကို ပိုးစာဘောင်ရိုက်ပြီးရေးတဲ့အခါ အဖန်တစ်လဲလဲ ဖြစ်ခြင်း(Repitation) ကို ရရှိပါတယ်။ သူတို့ရဲ့ ရုပ်တွေကိုလှ​ေနအောင်လည်းမရေးပါဘူး၊ လွမ်းစရာဖြစ်အောင်လည်း မရေးပါဘူး မျဥ်းကြောင်းတွေ ​ြဖတ်သန်းပြီး ချုပ်ရိုးကြောင်းတွေလို ဖြစ်နေအောင် ရေးပြပါတယ်။ အဖန်တလဲလဲဖြစ်ချင်းတွေများလာတဲ့အခါ မျဥ်းကြောင်းတွေထပ်ပြီး အမှောင်တွေလည်း ဖြစ်လာပါတယ်။ ပိန်းပိတ်မှောင်သွားတဲ့ သဘောပေါ့။ ပါးကွက်ကြားနဲ့ကလေးနှစ်ယောက်က တကယ်ကို ချစ်စရာကောင်းတဲ့ရုပ်ကလေးတွေပါ။ သူတို့ရဲ့အပြုံးတွေကပဲ ဘဝရဲ့မျှော်လင့်ချက်ကို ပေးပါတယ်။ အဲ့ဒီပေးအပ်မှု့ကပဲ ပန်းချီကားကိုကြည့်ပြီ စိတ်သက်သာရာ ရစေပါတယ်။ အလွှာလွှာအထပ်ထပ်နင်းထားတဲ့ ပိုးစာဘောင်ရိုက်ချက်တွေဟာ ပင့်ကူအိမ်တွေလို ​နှောင်ဖွဲ့ထားသလိုပါပဲ။ အရှိတရားက အတိတ်နဲ့အနာဂတ်ကို ကူးလူးနေတယ်လို့ ထင်ရပါတယ်။ တွေးစရာ ငေးစရာ ဖြစ်တဲ့ ပန်းချီကားတစ်ချပ်ပါ။

မြန်မာပန်းချီမှတ်စုများ(၂၇)

Flash on the tree

Co Thiee: Flash on the tree

Acrylic On Canvas, size- 18″×24″

Year Created- 2012

ကိုသီးရဲ့ ပန်းချီကားကို ကြည့်ရင်း ဟိုးတုန်းကအညာပြန်တဲ့အခါ ညဘက် ကားမီးရောင်ထိုးရင် လမ်းဘေးမှာ လင်းကနဲ လင်းကနဲ့ တရိပ်ရိပ်ဖြတ်သန်းရတဲ့ ထနောင်းပင်တွေကို မြင်​ေယာင်မိပါတယ်။ အဲ့ဒီတုန်းကထနောင်းပင်တွေဟာ လမ်းဘေးမှာ ရောင်ပြန်ပြား ကပ်ထားသလို လမ်းနယ်နမိတ်ကိုသိသာစေပါတယ်။ အဖြူရောင် ကောက်ကောက်ကွေးကွေး ထနောင်းပင်တွေဟာ လျှပ်စီးလက်သလို ဒီပန်းချီကားမှာ ထနောင်းပင်လောက်ကောက်ကွေးတာမဟုတ်ပေမဲ့ ဖျက်ခနဲကားမီးထိုးလိုက်သလို အနီးဆုံးမှာ လင်းသွားသလို အဝေးဆုံးက အမှောင်ထဲ ကျန်နေခဲ့တယ်။ ပုံရိပ်ကို သေသေချာချာ ဖမ်းထားသလိုတော့ အလင်းရဲ့အငွေ့တွေက ဘေးမှာ ရောင်စုံအပိုင်းအစတွေ ဖြစ်ပြီးကျန်နေခဲ့တယ်။ မီးရောင်ရဲ့ ပြေးအားကို သစ်ကိုင်းတွေက အပိုင်းပိုင်းအစစ စိတ်မွှာလိုက်သလို ပါပဲ။ ပုံတူပဲရေးရေး၊ ရှူခင်းပဲရေးရေး လက်ရာမြောက်တဲ့ ပန်းချီကျော် ကိုသီးဟာ ဒီကားမှာ စိတ်ဝင်စားစရာ အရောင်ဖွဲ့စည်းမှုနှင့် အားပေးတဲ့ ပန်းချီဓားချက်တွေ ရောမွှေ ထားပါတယ်။ အနီးဆုံးနဲ့ အဝေးဆုံးကို ကိုယ့်ခံစားချက်နဲ့ ပေါင်းစပ်ပြီး ခံစားလို့ရပါတယ်။

မြန်မာပန်းချီမှတ်စုများ(၂၆)

Three little monks

Dawei Tu Tu: Three little monks

Acrylic On Canvas, size- 30″36″

Year Created- 2016

အနုစိတ်လက်ရာတွေ ပြောင်မြောက်အောင်ဆွဲတဲ့ ထားဝယ်တူးတူးရဲ့ လက်ရာပါ။ ထားဝယ်တူးတူးရဲ့ လက်ရာတွေ မကြည့်ရတာတောင်ကြာပါပြီ။ သူလက်ရာတွေက ဘန်ကောက်မှာစုဆောင်းတဲ့သူတွေ ပိုပြီးများပါတယ်။ သရုပ်မှန်ပန်းချီကို ကျွမ်းကျင်သူ ပီပီ ခေတ်ပြိုင်ဟန်နဲ့ရေးတဲ့အခါမှာလည်း သရုပ်မှန်အချိုးအစားတွေ တွေ့ရပါတယ်။ ဒီပန်းချီကားမှာတော့ အနီရောင် လွှမ်မိုးနေပြီး (Texture) ကို အထူးဖန်တီးထားပါတယ်။ ကိုရင်လေး သုံးပါးဟာ ဟာမိုနီ တစ်ခုလို ညီညာနေပြီး ပဲ့တင်မှုပြန်လာနေသလို ခံစားရပါတယ်။ကိုယ်ထည်ကို (Texture)ထဲမှာ ခပ်ဖျော့ဖျော့လေးမြုပ်နေစေပြီး သပိတ်တွေကိုပဲလင်းပေးထားတာက ပြဆိုချက်ကို ပေါ်လွှင် ထင်ရှားစေပါတယ်။ ပန်းချီကားရဲ့ အနီရောင်ဟာလည်း သက်န်းအရောင်ကို ထင်ဟပ်ထားသလို ဖြစ်နေလို့ ပိုပြီးပြည့်စုံစေပါတယ်။ ခေတ်ပြိုင် ပန်းချီစိတ်ကူးများစွာရှိတဲ့ ကိုတူးတူးရဲ့လက်ရာဟာ ကြည့်လို့မကုန်နိုင်လောက်အောင်အကြိမ်ကြိမ်ပြန်ကြည့်မိစေပါတယ်။

မြန်မာပန်းချီ မှတ်စုများ(၂၅)

Owls

Eikaza Cho: Owls

Acrylic On Canvas, size-24″×30″

Year Created-2019

ဧကစာချိုဟာ မန္တလေး လူထုတိုက်မှာ ဆရာပေါ်ဦးသက် ဆရာဝင်းဖေ တို့နဲ့ သတင်းစာ သရုပ်ဖော် ပန်းချီလောကကို အတူတူဖြတ်သန်းဖူးပါတယ်။ အတွေးအခေါ် အယူအဆလက်ရာများမှာ အင်မတန် ရှေ့ရောက်ပြီး သီးခြားဟန် ကွဲထွက်နေပါတယ်။ ဖွဲ့စည်းပုံနှင့် မညီမညာ မျဥ်းကြောင်းတွေရဲ့ expression ဆန်ဆန် ကိုယ်မသိတဲ့ အခြားကမ္ဘာတစ်ခုကို အမြဲတမ်းခေါ်ဆောင်သွားပါတယ်။ သူကို မြန်မာပြည်ရဲ့ ပေါကလီး လို့ ခေါ်ကြတယ်။ ကန်ဒင်စကီး နဲ့ ပေါကလီးတို့ရဲ့ လွှမ်းမိုးမှုကို တွေ့ရပေမဲ့ ကိုချိုရဲ့စိတ်ကူးတွေက ကျယ်ပြန့်လွန်းလို့ တစ်ခါတစ်ခါ ခြေရာခံလို့မရပါဘူး။ သူဟာ နမည်ကျော် ကာတွန်းဆရာလည်းဖြစ်ပါတယ်။ ဒြပ်မဲ့ ပန်းချီတွေကို ရေးသလို သမိုင်းဇာတ်ကွက်တွေကိုလည်း ရေးတက်ပါတယ်။ သူရဲ့ ငှက် စီးရီး မိန်းမစီးရီး တို့ဟာ ကျွန်တော်တို့ကို ကမ္ဘာသစ်တစ်ခုဆီသို့ ခေါ်ဆောင်သွားပါတယ်။မြန်မာတို့ရဲ့ အချစ်တော် လာဘ်ကောင်းလေးဖြစ်တဲ့ ဇီးကွက်တွေ မကြာခနရေးဆွဲတတ်ပါတယ်။ ကိုချိုရဲ့ ဇီးကွက်ကားနှစ်ကားကို ဆက်တိုက်တင်ပေးလိုက်ပါတယ်။သူရဲ့ဇီးကွက်တစ်ကောင်းချင်းစီဟာ ဒိုင်မစ်ရှင်းတစ်ခုစီ ရေးဆွဲပြထားလို့ အံ့ဩ ရပါတယ်။ အကြောင်းအရာတစ်ခုထဲကိုပဲ ဒိုင်မစ်ရှင်းအမျိုးမျိုးနဲ့ ရေးဆွဲပြတာဟာ တစ်ချိန်ကြရင် မြန်မာ့ ပန်းချီသမိုင်းမှာ အလေးအနက် ဆွေးနွေးရတဲ့ ကိစ္စတစ်ခု ဖြစ်လာပါလိမ့်မယ်။ မြန်မာပြည်ရဲ့အကြိုက်ဆုံး ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၂၄)