
Aung ko (Shwe Taung): The Long Roof On Walking Bath
Acrylic On Canvas, size-36″×36″
Year Created-2014
ပန်းချီအောင်ကို နှစ်ယောက်ရှိတဲ့အတွက် တစ်ယောက်ကိုရွှေတောင်အောင်ကို နောက်တစ်ယောက်ကို အိုးအောင်ကိုလို့ အလွယ်တကူခေါ်ကြပါတယ်။ နှစ်ယောက်စလုံးဟာ သူနည်းနဲ့ သူအောင်မြင်သူတွေဖြစ်ကြပါတယ်။ ပန်းချီကျောင်းကိုတက်တော့လည်း တစ်နှစ်ထည်း နယ်ကလည်း တစ်နယ်ထဲဖြစ်ပါတယ်။ အခုပန်းချီကားက အောင်ကို(ေရွှတောင်)ရဲ့ လက်ရာဖြစ်ပါတယ်။ တောင်ရိုးလေးတွေ ကုန်းမြင့်ကလေးတွေပေါ်မှာ ဘုရားပေါ်တက်တဲ့ လမ်းတွေကို စကြံအမိုးတွေတည်ဆောက်ပေးတက်တာ မြန်မာတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့ပါ။ နွေရာသီမှာ အမိုးအောက်ကသွားရတာ အပူဒဏ်သက်သာတော့ တည်ဆောက်ပေးတဲ့သူမှာ ကုသိုလ်ဖြစ်တာပေါ့။ နိမ့်လိုက်မြင့်လိုက်နှင့် ကွေးကွေးကောက်ကော် မြင်နေရတဲ့ တောင်ကုန်းလေးတွေပေါ်က အမိုးရှည်ရှည်တွေဟာ ပန်းချီဆရာအဖို့ စိတ်ဝင်စားစရာအကြောင်းအရာ ဖြစ်လာပါတယ်။ အဲ့ဒီအမိုးတွေကို သူဟာ အချိန်ကာလတစ်ခုမှာ ရေးဆွဲခဲ့ပါတယ်။ ရေးဆွဲသမျှလည်းကောင်းပါတယ်။ ရွှေတောင်မြို့ဝန်းကျင်မှာ ဒီလိုရှုခင်းတွေက မရှားပါဘူး။ ဒါကိုပန်းချီကားအဖြစ်မြင်တတ်သူတော့ရှားပါလိမ့်မယ်။ အကြောင်းအရာကို ကန့်လန့်ဖြတ် ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံနဲ့ တောင်ကုန်းရဲ့မျဥ်းကြောင်းတွေက လိုက်ဖက်ညီ ကာရန်ပြေပြစ်ပါတယ်။ အမိုး အနီလေးတွေက အနီရောင်အစစ်မဟုတ်တော့ပဲ အပူငွေ့ကြောင့် အရောင်ကိုသတ်ထားသလို ဖျော့တော့သွားတာက လောဘမကြီးဘဲ ဟန်ချက်ကိုထိန်းထားရုံလေး လှပနေပါတယ်။ သစ်ပင်တွေ မြက်ပင်တွေကို စုတ်ချက်နဲ့အရောင် ကစားသာရုံလေး ပြထားပြီး သူတို့ရဲ့စရိုက်ကို ပေါ်လွင်စေပါတယ်။ ေနရာတိုင်းမှာရှိတဲ့တရိဂံ လိုလို စုတ်ချက်တွေက နောပ်ထပ်အလွှာတစ်ခု ရှိနေသေးကြောင်းလှစ်ပြနေပါတယ်။ ပန်းချီ အောင်ကိုဟာ အချိုးအစားနဲ့ ကောက်ကြောင်းတွေကို နိုင်နင်းသူပီပီ စုတ်ချက်ကစားပြီး ထည့်သွင်းထားတာကိုလည်းမကြာခဏတွေ့ရပါတယ်။ ပတ်ဝန်းကျင်တစ်ခုကို မိမိလိုသလောက်ပဲ ထင်ရှားအောင် တင်ပြ ဖွဲ့စည်းမှုမှာ နမူနာယူလောက်တဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။
မြန်မာပန်းချီ မှတ်စု(၂၂)