

Ba Htay Kyi: Untitled
Watercolour on Paper, size- 11½”×13½”
Year Created- 2010
အမှောင်နှင့်ဖြာထွက်နေသော အရောင်များ
ဆရာဘဌေးကြည်ကို သရုပ်ဖော်ပုံတွေရေးတဲ့သူ ပြီးတော့ ကာတွန်းဆရာတစ်ယောက်အဖြစ် စသိရတာပါ။ သူအဖုံးဒီဇိုင်းတွေ ဖန်တီးတဲ့အခါ တစ်ခြားသူတွေ နည်းယူရတဲ့အထိ အရောင်သုံးစွဲပုံက ကောင်းလွန်းလှပါတယ်။ ပန်းဆိုးတန်းပန်းချီပြခန်းစတော့ ကိုဘဌေးကြည်ပဲ စာလုံးဒီဇိုင်းကို ရွေးချယ်ပေးခဲ့ပါတယ်။ ပန်းချီပြခန်းဖွင့်ပွဲမှာလည်း အမှတ်တရ ပို့(စ်)စကတ်တွေထုတ်ဝေတဲ့အခါ သူပန်းချီကားတွေပါဝင်ပါတယ်။ အဲ့ဒီတုန်းက ကလေးတွေ ရွာမှာကစားနေကြ ကစားပွဲတွေကို စိတ်ဝင်စားပြီး ရေးဆွဲနေတဲ့အချိန်ဖြစ်ပါတယ်။ သူအိမ်ကိုရောက်သွားတဲ့အခါ သူပန်းချီကားရေးတာ သူများတွေလို စုတ်တံတွေချည် မဟုတ်ဘဲ အဝတ်စတွေရော ချွန်ချွန်ထက်ထက်အရာတွေရော အမျိုးမျိုး တီထွင်ဖန်တီးပြီး ရေးတာကိုတွေ့ဖူးပါတယ်။ သူဆွဲတဲ့ ကလေးကစားနည်း ပန်းချီကားလေးတွေ ပိုကြိုက်သွားပြီး ဆွဲပေးအုံးလေဗျာလို့တောင်းရင် ကျွန်တော်က (Abstract) ကားတွေပဲစိတ်ဝင်စားတာ ကိုအောင်ရလို့ ပြောဖူးပါတယ်။ တကယ်တော့ သူဟာ အကြောင်းအရာပါတာပဲရေးရေး မပါတာပဲရေးရေး စိတ်ဝင်စားစရာကောင်းအောင် ရေးနိုင်သူ ဖြစ်ပါတယ်။ သူများနဲ့မတူတဲ့ အထူးပြုလုပ်မှုတွေလည်း ပါတတ်ပါတယ်။ (minimalism) လို ဘာမှမပါဘဲ ပါးပါးလေးတွေ ရေးပြရင်လည်း သူဘယ်လို စဥ်စားပါလိမ့်လို့ တအံ့တဩ ဖြစ်ရတယ်။ ခုချိန်ထိ ပန်းချီပြခန်းဖွင့်ပွဲမှာ ရေးပေးခဲ့တဲ့ သူပန်းချီကားတွေကို လက်ထဲမှာမရှိတော့ပေမဲ့ လွမ်းနေတုန်းပဲ ။ မောင်ဖိုးအောင်ကြီး တကယ်အလုပ်လုပ်ပြီဆိုတော့ ရေးရမှာပေါ့ဗျာလို့ ပြောသံကိုလည်း ကြားယောင်မိဆဲပဲ။ သူအကြောင်းရေးရမယ်ဆို အများကြီးရှိပါတယ်။ သူရေးတဲ့ (Abstract)ပန်းချီကို စက္ကူပေါ်ရေးတာရော ကင်းဗတ်(စ်)ပေါ်မှာ ရေးတာရော နှစ်ခုစလုံးဟာ အမြဲတမ်း ထင်မှတ်မထားတဲ့ ထိုးနှက်ချက်တစ်ခုလို အရှိုက်ကိုတည့်တည့်ထိတာ ချည်းပဲ။ စဥ်စားပုံရော ရေးဆွဲပုံပါ မတူတဲ့ ရသကို ပေးပြီး မခံစားမိဘူးတဲ့ ခံစားမှုကိုပေးပါတယ်။ ဒီကားနှစ်ချပ်မှာလည်း လားရာ (vector)အမျိုးမျိုးကလာတဲ့ အနက်မျဥ်း အမှောင်မျဥ်းတွေဟာ နောက်ခံကအရောင်တွေနဲ့ ပုံစံအမျိုးမျိုး ကူးလူးနေကြတာကိုတွေ့ရပါတယ်။ အရောင်ကအမြင်အာရုံကိုထိန်းချုပ်ထားပြီး အမှောင်မျဥ်းတွေက စိတ်ကိုပြေးလွှားနေစေတယ်။ ကိုဘဌေးကြည် ကွယ်လွန်သွားပြီလို့ ကြားရတော့ ကိုဗစ်ကြောင့် လိုက်မပို့ပေးနိုင်ပေမဲ့ သူပန်းချီကားတွေ ထုတ်ပြီး ကြည့်မိသလို အလွမ်းကဗျာတစ်ပုဒ်လည်း ရေးမိတယ်။ မျှော်လင့်မကုန်နိုင်တဲ့ လူတစ်ယောက်ဆီက မျှော်လင့်ချက်ကို ကတ်ကြေးနဲ့ ဖျက်သလိုြဖတ်သွားတာ ခံစားရခက်ပါတယ်။
မြန်မာပန်းချီမှတ်စုများ(၂၈)