
Soe Naing: ThuNgeDaw (Nat)
Acrylic on Canvas, 24″ × 36″
Year Created- 2017
ကိုစိုးနိုင်ရဲ့ ပန်းချီကားတွေမကြည့်ခင် သူရဲ့ စကက်ချ်တွေကိုကြည့်မိရင် သူရဲ့ပန်းချီကားကို နာလည်ရတာ ပိုကောင်းတယ်လို့ထင်ပါတယ်။ ပန်းချီကားပေါင်းများစွာ အဆက်မပြတ်ရေးဆွဲခဲ့သလို ပန်းချီပြပွဲများစွာ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ တက္ကသိုလ်မှာတုန်းက သတ္တဗေဒကိုလေ့လာခဲ့တဲ့အတွက် အမျိုးအမည်မသိတဲ့အကောင်လေးတွေ သူစိတ်ထဲမှာစွဲနေပုံရပါတယ်။ မှင်ခြစ်ပုံကျမ်းတွေ ရေးဆွဲတဲ့အခါမှာ စာမျက်နှာ (၅၀၀) ပါစက္ကူတစ်ထုပ်ကို တထိုင်ထည်း ရေးခြစ်တက်ပါတယ်။ (၁၉၉၀) ဝန်ကျင်မှာ (Automaticism) အလိုအလျောက်ဝါဒဆိုတဲ့ စကားလုံး တစ်လုံကို ပန်းချီခင်ဝမ်းနဲ့တွဲပြီး ဖန်တီးခဲ့ပါတယ်။ ပုံကြမ်းတွေ ရေးရင်း သူရဲ့လက်က လက်သားကြအောင် ပန်းချီရေးတဲ့အခါ စုတ်ချက်တွေရဲ့ ရစ်သမ်က ခံစားချက်အားပါပြီး သေချာလှပါတယ်။ အဲ့ဒါတွေက စိုးနိုင်ရဲ့ နာမည်ကျော် စုတ်ချက်တွေပါပဲ။ စက္ကူပေါ်မှာရေးရေး ကင်ဗက်ပေါ်မှာရေးရေး သူရဲ့ဟန်က သူများနဲ့အမြဲကွဲပြားနေပါတယ်။ စုတ်ချက်တစ်ခုက အရုပ်တစ်ခုဖြစ်နိုင်သလို အရုပ်တစ်ခုမှာလည်း ခံစားချက်ပါတဲ့ စုတ်ချက်တွေ အများကြီးပါ။ သူ့ရဲ့အရောင်သုံးပုံ စနစ်ဟာ ဆန့်ကျင်ဘက် တွဲဖက်အရောင်တွေ ကျွမ်းကျင်နိုင်နင်းစွာသုံးလို့ အရောင်နည်းစနစ်ယူရတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဖြတ်ညှပ်ကပ် ပန်းချီတွေရော (Found Object) ပြန်လည်တင်ပြမှုရော ပန်းပုရော နည်းမျိုးစုံ ဖန်တီးနေတဲ့ ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ ပန်းချီဆွဲခြင်းကလွဲ သူစိတ်ထဲမှာ ဘာမှမရှိပါ။ သူကို (Ab-Ex) သမားတစ်ယောက်လိုပဲ ပြောကြပါတယ်။ ဝါဒတစ်ခုက ခေတ်တစ်ခုကို ကိုယ်စားမပြုနိုင်လို့ ကျွန်တော်ကတော့ အဲ့ဒီလိုမပြောချင်ပါဘူး။ လဖ္ဘက်ရည်ဆိုင် ထိုင်တဲ့အခါ သူလက်တွေဟာ လေထဲမှာ ပန်းချီဆွဲနေသလို လှုပ်ရှားနေတက်ပါတယ်။ လက်ကိုနောက်ပြစ်ထားရင်လည်း နောက်ပြန် ပန်းချီဆွဲနေတယ်လို့ ထင်ရအောင် လက်က လှုပ်ရှားနေပါတယ်။ အဲ့ဒါဟာ အလိုအလျောက် ပန်းချီဆရာတစ်ယောက်ပါပဲ။
မြန်မာပန်းချီမှတ်စု (၃၁)