The Hut and Palm Trees

Pho Tun: The Hut and Palm Trees

Acrylic On Canvas, size-18″×24″

Year Created-2020

ကောင်းကင်ကပြာပေမဲ့ ပူလောင်နေတယ်။မြေပြင်မှာလဲ ပူလောင်သလိုခံစားရတယ်။ပန်းချီဆရာကခံစားချက်နဲ့ရေးဆွဲထားပုံရတယ်။လောလောလတ်လတ်ခုတ်လှဲထားတဲ့ ထန်းပင်တွေကငုတ်တိုအဖြစ်တွေ့ရတယ်။မြင့်မားတဲ့ထန်းပင်တွေရဲ့ အရိပ်ရှည်ရှည်တွေကိုတော့ ထင်ထင်ရှားရှားကြီးမြင်ရတယ်။အဲ့ဒီထန်းပင်တွေအောက်မှာ မြူခိုးတွေပျံ​ြကဲနေတယ်။အရင်တုန်းကထန်းတဲလေးတွေနဲ့ထန်းရည်သောက်တဲ့အရသာမျိုးမတွေ့ရဘူး။ပန်းချီကားမှာလူတောင်မပါတဲ့အတွက်အဲ့သဘာဝရဲ့ခြားနားချက်ကိုတင်ပြချင်ဟန်တူပါတယ်။လှပတဲ့ရူးခင်းလဲမဟုတ်ပါဘူး။ဒါပေမဲ့ကြည့်ချင်စရာပန်းချီကားတစ်ချပ်ဖြစ်လာတယ်။အဖြူရောင်အစအနတွေကတစ်ခုခုကိုရည်ညွှန်းချင်ဟန်မတူ။ခြားနားမှုတွေခြားခံသကေ်တတွေဖြစ်လာတယ်။ရင်မောစေတဲ့ခံစားချက်ကိုဖြစ်ပေါ်စေတယ်။

မြန်မာပန်းချီမှတ်စုများ (၁၂)

The Field

Zin Yaw Aung: The Field

Acrylic On Canvas, size_24″×30″

Year caeated-2019

စုတ်ချက်နုနုလေးတွေနဲ့ မှုန်းတတ်တဲ့ ဇင်ယော်အောင်ကဒီတစ်ခါမှာ ဓားနဲ့ရေးပြီး လက်စွမ်းပြထားပါတယ်။ခွေပြီးဆင်းနေတဲ့ချောင်းရဲ့ဘေးက ခြေတံရှည်အိမ်ကလေးဟာ ရှေ့မှာသစ်ကိုင်တွေ(foreground) ခံထားတဲ့အတွက် သိပ်မရိုးတော့ပဲ လှုပ်ရှားလာတာကိုတွေ့နိုင်ပါတယ်။တိမ်စိုင် တိမ်တောင်တွေကလောကကြီးကို ငုံ့ကြည့်နေသလို ကြီးမားကျယ်ပြန့်တဲ့ ပုံစံတွေ့နိုင်ပါတယ်။သစ်ရွက်တွေကိုအသေးစိတ်ရေးမထားတဲ့အတွက် သစ်ရွက်တွေနဲ့တိမ်တိုက်တွေရဲ့ကောင်းကင်လေကိုခံစားနိုင်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၁၁)

Village

Thet Nyunt, Village

Watercolour on Paper, size-15″×10″

Year created-2001

ပန်းချီဆရာကြီး ဦးသက်ညွန့်ရဲ့ပန်းချီကားဖြစ်ပါတယ်။ဆရာကြီးဦးသက်ညွန့်ဟာ သက်တော်ရှည်ပန်းချီဆရာကြီးဖြစ်သလို မြန်မာပန်းချီလောက သို့ဘက်ပေါင်းစုံးက ရှေ့ဆောင်ရှေ့ရွက်ပြုခဲ့သူတစ်ဦးဖြစ်ပါတယ်။ရေဆေးစက္ကူရှားပါးတုန်းက ရေဆေးစက္ကူကိုကိုယ်တိုင်ဖန်တီးခဲ့တယ်။(Acrylic)ဆေးကို ကိုယ်တိုင်တီထွင်ခဲ့ပါတယ်။ ခရုလေးတွေကနုကမာလေးတွေ ဆင်ယင်ထားတဲ့ ပန်းချီကားသေးတွေဖန်တီးပြီးစျေးကွက်တစ်ခုကို ခေါ်ဆောင်ကာ လူအများအလုပ်ရအောင် ကြိုးပမ်းပေးသူပဲဖြစ်ပါတယ်။ရေဆေးကားပေါင်းသောင်းနဲ့ချီရေးဆွဲခဲ့ပါတယ်္။ဒီကားမှာ ဘုရားပုထိုး၊ကျောင်း၊ဇရပ်၊ရေကန်၊ရေချမ်းစင် စတဲ့ကျေးလက်ရဲ့ အဂ်ါရပ်တွေကိုစုံလင်အောင်ဖော်ပြထားပါတယ်။တကယ်ရေး​ြပချင်တာက သစ်ပင်ကြီးမှာကပ်နေတဲ့ ကပ်ပါးပင်တွေဖြစ်ပါတယ်။အဲ့ဒီကပ်ပါးပင်တွေရှိနေတာကပဲ သဘာဝတရာကြီးဟာအနှောက်အယှက်အဖျက်အစီးမခံရသေးဘူးဆိုတဲ့သဘောကိုမြင်နိုင်ပါတယ်။ရိုးသလိုလိုနဲ့ မရုိးနိုင်တဲ့ကားပါ။ဆရာကြီးက ကိုမင်းကိုနိုင်ရဲ့ဖခင်ဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၁၀)

Village

Myint Than: Village

Watercolour on Paper, size- 14″×10″

Year created-2005

ပြည်မြို့ရဲ့ပန်းချီဆရာတစ်ယောက်ဖြစ်ပါတယ်။ပြည်မြို့မှာနေထိုင်ပြီး ပြည်မြို့ဝန်းကျင်လူနေမှုစရိုက် ရှုခင်းစတဲ့ကားတွေပါ ရေဆေးရော ဆီဆေးပါဆွဲတဲ့သူဖြစ်ပါတယ်။အများဆုံးရေးဆွဲတာတော့ ဧရာဝတီမြစ်ကြီးပါ။ဒီပန်းချီကားဟာတော့ ပြည်မြို့အနီးအနားကကျေးလက် ရှုခင်းတစ်ခုဖြစ်မယ်လို့ထင်ရပါတယ်။ ဂန္ဓဝင်အလွန်ဆန်ပြီးသေသပ်တဲ့လက်ရာတစ်ခုဖြစ်ပါတယ်။ ဒီခေတ်ကရိုးရိုးလေးတွေကိုလွမ်းစရာတစ်ခုလို့မြင်ရင် လွမ်းစရာပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၉)

The Village

U Ohn Tin: The Village

Poster Colour on Paper, size-10″×7″

Year Created-1970’s

ရိုးရှင်းတဲ့ကျေးရွာပန်းချီကားလေးတစ်ချပ်ပါပဲ။ မိုးလွန်ပြီးစ ဆည်းဆာချိန်တစ်ခုပါ။ပိုစတာကာလာနဲ့ရေးဆွဲထားတာဖြစ်ပြီး ကျေးလက်ရဲ့ ငြိမ်းချမ်းမှုပသာဒကိုမြောက်အောင် ရေးဆွဲထားတာဖြစ်ပါတယ်။ကောက်ရိုးပုံကိုအမိုးလေးမိုးပြီးထည့်ထားတာက စပါးတစ်ချို့ရိတ်သိမ်းပြီးပြီလို့ထင်ရပါတယ်။ရေစက်စက်တွေလဲထည့်ထားပြီး မြန်မာပြည်အောက်ပိုင်းရဲ့ ရွာတစ်ရွာ ဖြစ်မှာပါ။ဒီလိုကားလေးတွေကိုတစ်ချိန်ကအိမ်တော်တော်များများမှာအလှချိတ်လေ့ရှိပါတယ်။ရိုးပေမဲ့ အရောင်အထားအသိုကောင်းတယ်။ ရိုမန်တစ်ဆန်ဆန် ပြန်လွမ်းချင်စရာပါ။ဦးအုန်းတင်ဟာ တစ်ချိန်က စာပေဗိမာန်မှာ သရုပ်ဖော်ပုံတွေနဲ့ ရုပ်ပြတွေ ရေးခဲ့ဖူးပါတယ်။

မြန်မာပန်းချီမှတ်စုများ (၈)

Village and City

Eain Aye Kyaw: Village and City

Acrylic On Canvas, size-36″×24″

Year created

ဒီဇိုင်ဆန်ဆန်ရေးဆွဲထားတဲ့ အိမ်အေးကျော်ရဲ့လက်ရာပါ။ လက်ရာအကောင်းဆုံးအချိန်မှာကွယ်လွန်သွားလို့ အလွန်နှမျော ပါတယ်။အလင်းတွေကို(repitation)လုပ်တက်လို့ဘယ်အကြောင်းအရာကိုပဲဆွဲဆွဲသူကားတွေကထူးခြားပါတယ်။ပရိတ်သတ်လဲအလွန်ကြိုက်ပါတယ်။ဒီကားမှာတော့ကျေးလက်နဲ့မြို့ပြကို စဥ်စားစရာဖြစ်အောင် ခပ်ရှင်းရှင်းနိှုင်းယှဥ်ထားပါတယ်။ဖြူ၊နီကျား ကန့်လန့်ဖြတ်ထားတာက နယ်နမိတ်သတ်မှတ်ပေးထားသလိုဖြစ်နေပြီး ကျေးရွာရဲ့ အမှတ်သညာတွေဖြစ်တဲ့ လောက်လေး၊တံဇဥ်၊ လှည်းဘိန်းတွေကို သီးခြားဖြစ်အောင်(Icon)အိုင်ကွန်ဖြစ်အောင်ဖွဲ့စည်းထားပါတယ်။မြို့ပြဘက်ခြမ်းမှာတော့ တီရှပ်ရယ်္၊ကားရယ်၊တိုက်စတဲ့အမှတ်သညာတွေပြထားတယ်။တီရှပ်ပေါ်မှာရေးထားတာက (We are the world)တို့ဟာကမ္ဘာသူ၊ကမ္ဘာသားပါဆိုတဲ့စာလေးပါတယ်။အေးချမ်းမှုကိုလိုချင်တဲ့သဘောပါပဲ။ နယ်ခြားထားပေမဲ့ အလယ်မှာပေါက်နေတဲ့ငှက်ပျောပင်ကြီးကတော့ ဘုံလက္ခဏာလို့ယူဆရမယ်။ဒီကားကိုငြိမ်းချမ်းရေးပွဲတော် ပန်းချီပြပွဲအတွက်ရေးဆွဲသွားတာပါ။တဖြည်းဖြည်းနဲ့နှစ်ချိုက်လာတဲ့ကားပါ။တိုးတက်မှုလို့ပြထားတဲ့ဘက်မှာတော့ ကျေးရွာမှာစိတ်ပုတီးနှင့်မြို့ပြဘက်ကအရက်ပုလင်းကလဲနှိုင်းယှဥ်စရာပင်ဖြစ်ပါတယ်။သူထည့်ပြီးရေးနေကျ တံတားလေးတစ်စင်းကတော့ ဘယ်ကိုဦးတည်မှန်းမသိတဲ့ ပဟေဠိ တစ်ခုကိုချန်ထားသလိုပါပဲ။

မြန်မာပန်းချီမှတ်စုများ (၇)

A Village On a River Bank

Han Tin Swe: A Village On a River Bank

Acrylic On Canvas, size-18″×18″

Year created-2017

မြစ်ကမ်းဘေးကရွာကလေး

ဆရာဟန်တင်ဆွေရဲ့ဒီလက်ရာမှာတော့ မြစ်ကမ်းနဖူးကတံငါရွာကလေးကိုရည်ညွန်းထားပုံးရပါသည်။မိုးကုတ်စက်ဝိုင်းမျဥ်းတွေအထပ်ထပ်နဲ့အလွှာတွေခွဲထားပြီး ရွာကလေးရဲ့စရိုက်လက္ခဏာကို ပန်းချီဆရာစိတ်ကြိုက်ပြန်လည်ဖွဲ့စည်းထားပါတယ်။ရေပြင်ကျယ်နဲ့ချောင်းစပ် မြောင်းစပ်ကိုအရောင်တွေနဲ့ဖွဲ့ထားတာတွေ့ရပါတယ်။တိမ်ကလေးတွေကဟိုတစ်စုဒီတစ်စု၊ အရိပ်ဆန်ဆန်လှုပ်ရှာနေတဲ့ လူပုံကလေးတွေက အပ်ကြောင်းထပ်နေတဲ့ဘဝတွေကိုရည်ညွှန်းထားသလိုခံစားရတယ်။ဖြစ်ထွန်းမှုတွေအများကြီးကိုဖော်ကျုးနေတဲ့ဒီပန်းချီကားလေးဟာ ဒေါင်လိုက်သစ်ပင်လေးတွေကဟန်ချက်ကိုထိန်းပေးထားပါတယ်။

မြန်မာပန်းချီမှတ်စုများ (၆)

Palm Tree in the Field

Chan Nyein Kyaw: Palm Tree in the Field

Acrylic On Canvas, size-12″×12″

Year Created-2004

ပန်းချီကားလေးက သေးပေမဲ့အညာကျေးလက်ရဲ့ ထန်းတောတွေကို တမဟုတ်ချင်းမြင်ယောင်စေတဲ့ ပန်းချီကားလေးတစ်ချပ်ပါ။အလင်းပြင်အကွက်တွေထဲမှာ ဂျီြသမေ​​ြတီဆန်ဆန်ဖွဲ့စည်းထားတဲ့ ထန်းပင်တွေ၊ဘုန်းကြီးနဲ့ဘုန်းကြီးကျောင်းသားတွေဟာ ပန်းချီကားကိုတည်ငြိမ်မှုနဲ့အသက်ဝင်မှုနှစ်ခုစလုံးကို ပေးပါတယ်။အဝါရောင် ယာတောထဲကတဲကလေးကလည်း သဘာဝကျကျ ဖွဲ့စည်းမှုကိုအားဖြည့်ထားပါတယ်။လိုက်ဖက်အရောင်တွေနဲ့ဆန့်ကျင်ဘက်အရောင်တွေကို တွဲစပ်ထားပုံတွေကချမ်းငြိမ်းကျော်ရဲ့ ဟန်တစ်ခုဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၅)

A House in the Village

Po Shaar: A House in the Village

Acrylic On Canvas, size-72″×30″

Year created-2010

ပန်းချီဖိုး​သျှာ​းရဲ့ ေကျးလက်အိမ်ကလေး ဖြစ်ပါတယ်။၂၀၂၀မှာကွယ်လွန်သွားရှာတဲ့ ဆရာဖိုး​သျှားရဲ့ အံ့​ြသ​ဖွယ်လက်ရာတစ်ခုဖြစ်ပါတယ်။ ရွာမှာချမ်းသာတဲ့တောင်သူကြီးတစ်ယောက်ရဲ့အိမ်ဖြစ်ပုံရပါတယ်။ရွာဓလေ့အတိုင်း နှစ်ထပ်အိမ်မှာ အိမ်အောက်ကိုဟင်းလင်းထားပြီး နွားနှစ်ကောင်းကိုလည်းထားထားတယ်။ အေးအေးလူလူနားနေဖို့တန်းလျားတစ်လုံးလဲပါတယ်။တစ်အိမ်နဲ့တစ်အိမ်ဆက်သွယ်တဲ့အိမ်နောက်ဖေးတံခါးလေးလည်းရှိတယ်။အဲ့ဒီတံခါးက ကျနေတဲ့အလင်းရောင်ကလေးတွေက ပန်းချီကားရဲ့အကွာအဝေးအနက်အရှိုင်းကိုပေါ်လွင်စေပြီး အဝေးဆုံးကအလင်းကိုဖမ်းထားတယ်။ဒီပန်းချီကားမှာအသေးစိတ်ကြည့်စရာတွေအများကြီးရှိပါတယ်။ကျီးလန့်စာစာဖြစ်နေတဲ့ ကျီးကန်းလေးလဲပါတယ်။အလင်အမှုန်အစက်အပျောက်တွေနဲ့ရေးဆွဲနည်းကို တစ်သက်လုံးခုံမင်စွာရေးသွားတဲ့ဆရာဖိုးသျှားရဲ့ ပြောင်မြောက်တဲ့လက်ရာပါ။ကြည့်မိတိုင်းငေးနေရတဲ့ပန်းချီကားတစ်ချက်ပါ။၂၀၂၀ရဲ့ဆုံးရှုံးမှုတွေထဲမှာဆရာဖိုးသျှားလဲပါပါရဲ့။

မြန်မာပန်းချီမှတ်စုများ (၄)

Village

Fela: Village

Acrylic on Canvas, size-18″x 24″

Year created-2017

ကွယ်လွန်သွားရှာတဲ့ဆရာဖီလာရဲ့ကားဖြစ်ပါတယ်။ ကျေးလက်ကိုတင်ပြပုံသူရဲ့ဟန်ကတစ်မျိုးတွေ့ရပါတယ်။အိမ်အစုစုကလေးတွေ ကောင်းကင်ပေါ်ကအမြင်နဲ့ရေးထားပါတယ်။(Bird eyes view)လို့ဆိုနိုင်ပါတယ်။အုန်းပင်လေးတစ်ပင်ထည့်ထားပြီးရွာရဲ့အခင်းအကျင်းကိုအုန်းရွက်တွေ​ြဖ​ာထွက်နေသလို အဆင်အကွက်တွေရေးဆွဲထားပါတယ်။စုတ်ချက်အင်မတန်းသွတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ပန်းချီကားတစ်ချက်ဖြစ်ပါတယ်။

မြန်မာပန်းချီမှတ်စုများ (၃)